The Model Academy မှာ ဒိုင်ဖြစ်သူ ဇင်အောင်ကို ရဲရဲရင့်ရင့် ခွန်းတုန့်ပြန်ဝံ့ခဲ့တဲ့ တစ်ဦးတည်းသော ပြိုင်ပွဲဝင်

Last modified date

The Model Academy ပြိုင်ပွဲဆိုတာကတော့ အားလုံးလည်း သိကြတဲ့အတိုင်း ဂယက်မျိုးစုံ ဖြစ်ပေါ်လေ့ရှိပြီး အဲဒီဂယက်လေးတွေက ဒိုင်တွေဖြစ်တဲ့ ဇင်အောင်နဲ့ မော်ဒယ်လ်သန္တာလှိုင်တို့နဲ့ အဓိက ပတ်သက်နေလေ့ရှိတာ တွေ့ရပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့က The Model Academy ပေ့ခ်ျမှာ ဖော်ပြထားတဲ့ ပြိုင်ပွဲဝင်မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ လဲ့ယမင်းဦးကို လူမှုကွန်ရက်စာမျက်နှာမှာ စည်းကမ်းသတ်မှတ်ချက်ကို ဖောက်ဖျက်ပြီး ပုံတင်မိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖုန်းသိမ်းခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုဖုန်းသိမ်းခဲ့တာမှာ လဲ့ယမင်းဦးတစ်ဦးတည်းတင်မကဘဲ လက်ရှိပြိုင်ပွဲဝင်နေတဲ့ မော်ဒယ်လ်အားလုံးကို သိမ်းခဲ့တာပါ။ အဲဒီအတွက် လဲ့ယမင်းဦးနဲ့ ဒိုင်ဖြစ်သူ ဇင်အောင်တို့ နှစ်ဦးတည်း တွေ့ဆုံရတဲ့အခါမှာ ဇင်အောင်က ဘာအဆင်မပြေတာရှိလဲဆိုတဲ့ မေးခွန်းအပေါ် လဲ့ယမင်းဦးက ဖုန်းသိမ်းတာတော့ အဆင်မပြေဘူး အစချီပြီး သူမမကျေနပ်ချက်တွေအားလုံးကို တိုက်ရိုက်ပဲ ပြန်လှန်မေးခွန်းထုတ် ဖွင့်ဟပြောဆိုခဲ့တာပါ။ ဇင်အောင်က ဖုန်းကိုဘာကြောင့်သိမ်းတာလဲလို့ မေးစဉ်မှာ လဲ့ယမင်းဦးက ဖုန်းသိမ်းတာက သိမ်းလိုက်လို့ရတယ်၊ ညီမကြောင့်ဖြစ်တယ်ဆိုတာ ညီမကိုယ်တိုင်လည်းသိတယ်၊ ညီမကြောင့်ဆိုတာသိတယ်၊ ဒါပေမယ့် သိမ်းရင် ညီမတစ်ယောက်ထဲကိုပဲ သိမ်းလေ၊ ဘာလို့ တစ်ခြားသူတွေကိုသိမ်းတာလဲ အဲဒါကျတော့ တစ်ခြားသူတွေနဲ့ ရန်တိုက်ပေးသလိုဖြစ်တာပေါ့ လို့ ပြောခဲ့တာပါ။ ညီမကရန်တိုက်ပေးတယ်လို့ထင်တာလားလို့ ဇင်အောင်က ပြန်လည်မေးခွန်းထုတ်လိုက်တဲ့အချိန်မှာ လဲ့ယမင်းဦးက တစ်ခြားသူတွေကပြောတယ်ပေါ့နော်၊ စိတ်နာတယ်တို့ဘာတို့ဆိုတော့၊ စိတ်မကောင်းဘူးပေါ့နော်၊ ကိုယ့်ကြောင့်လည်း သူများတွေဖြစ်သွားတယ်ဆိုတော့၊ ကိုယ်ဖြစ်တာလေ၊ ဘာလို့ သူများတွေပါ ဘာဖြစ်လို့ သိမ်းရတာလဲ။ ဆိုပြီး ခွန်းတုန့်ပြန်လိုက်တာဖြစ်ပါတယ်။ အဲဒီအခါမှာ ဇင်အောင်က အဲဒီလိုပြောရဲတဲ့ သတ္တိကိုတော့ တကယ်ချီးကျူးတယ်၊ ညီမလေး အရှေ့မှာရော ပြိုင်ပွဲတွေဘာတွေပြိုင်ဖူးလားလို့ လဲ့ယမင်းဦးကို မေးလိုက်တာတွေ့ရပါတယ်။ လဲ့ယမင်းဦးက မစ်ပြိုင်ပွဲတွေဘာတွေပြိုင်ဖူးတယ်လို့ ပြန်ဖြေလိုက်ပါတယ်။ ဇင်အောင်က ဘယ်နှစ်ပွဲလောက်ပြိုင်ဖူးလဲလို့ ထပ်မေးပါတယ်၊ ပြီးတော့ အဲဒီပွဲတွေမှာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို ကိုယ့်ကိုပြန်သင်ပေးပါလားလို့ မေးလိုက်ပြီး သူတို့နှစ်ဦး ဆက်လက်ငြင်းခုန်တဲ့သဘောလေး တွေ့မြင်ရပါတယ်။ Camp ဝင်နေတုန်း သူမနဲ့ သူငယ်ချင်းတွေအတူရိုက်ကူးထားတဲ့ပုံလေးတစ်ပုံကို တင်လိုက်မိတာဟာ Model Academy ရဲ့ စည်းကမ်းကို ဖောက်ဖျက်လိုက်မိတာဖြစ်တယ်လို့ လဲ့ယမင်းဦးက ကိုယ်တိုင်ဝန်ခံခဲ့ပေမယ့် ဖုန်းသိမ်းတဲ့အချက်ကတော့ သူမတစ်ဦးတည်းကိုသာ သိမ်းသင့်ပြီး ကျန်သူတွေကို မသိမ်းသင့်ဘူးလို့ အဆုံးထိ ခံယူသွားခဲ့တာကြောင့် ဖုန်းသိမ်းခဲ့သူ ဇင်အောင်ကို ပြန်လှန်မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ လဲ့ယမင်းဦးတစ်ယောက် The Model Academy ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။ သူတို့နှစ်ဦး အခုလို အပြန်အလှန်ဖြစ်ခဲ့ကြတဲ့ ဗီဒီယိုလေးကို တစ်ချက်ကြည့်ပြီး ဆုံးဖြတ်ပေးခဲ့ကြပါဦးနော်။ ဒိုင်ဖြစ်သူ ဇင်အောင်ကို ခွန်းတုံ့ပြန်ဝံ့ခဲ့တဲ့ တစ်ဦးတည်းသော ပြိုင်ပွဲဝင် လဲ့ယမင်းဦး Writer-YLLT(Cele Star)  

x